လည်ပင်းတွေ နာနာနေတာ သိုင်းရွိုက်ဂလင်း ရောင်နေတာများလား
သိုင်းရွိုက်ဂလင်းဟာ ညှပ်ရိုးရဲ့ အပေါ်ဘက်၊ လည်ပင်းအရှေ့ပိုင်းမှာ ရှိတဲ့ လိပ်ပြာပုံသဏ္ဍာန် ဂလင်းတစ်ခု ဖြစ်ပြီး စားလိုက်တဲ့အစားအစာတွေထဲက အိုင်အိုဒင်းဓာတ် (Iodine) တွေကို ယူကာ Triiodothyronine ဆိုတဲ့ T3၊ Thyroxine ဆိုတဲ့ T4 ဟော်မုန်းတွေအဖြစ် ပြောင်းပေးပါတယ်။ ထိုသိုင်းရွိုက်ဟော်မုန်းတွေက ခန္ဓာကိုယ်အလေးချိန်၊ ကိုယ်တွင်းအပူချိန်၊ နှလုံးခုန်နှုန်း စတဲ့ ဇီဝလုပ်ငန်းစဥ်တွေကို ထိန်းညှိပေးတာအပြင် အရေပြား၊ ဆံပင်နဲ့ လက်သည်းခြေသည်းတွေ ကြီးထွားဖို့လည်း ဆောင်ရွက်ပေးပါတယ်။
သိုင်းရွိုက်ဂလင်းမှာ ဖြစ်တတ်တဲ့ရောဂါတွေထဲမှာ Subacute Thyroiditis လို့ခေါ်တဲ့ သိုင်းရွိုက်ဂလင်းရောင်ရမ်းတာလည်း ပါဝင်ပါတယ်။ သိုင်းရွိုက်ဂလင်း ရောင်တဲ့အခါ…
- ရောင်ရမ်းနေတဲ့ သိုင်းရွိုက်ဂလင်းကြောင့် လည်ပင်းနာကျင်ခြင်း၊ တခါတရံ မေးရိုးနဲ့ နားရွက်တွေထိ နာကျင်ခြင်း
- သိုင်းရွိုက်ဂလင်းရှိရာ လည်ပင်းအရှေ့ဘက်ကို အသာအယာထိမိရင်တောင် နာကျင်ခြင်း၊
- မျိုချတဲ့အခါ နာကျင်ခြင်း သို့မဟုတ် မျိုချရခက်ခြင်း
- အသံဝင်ခြင်း
- အားကုန်မောပန်းနေခြင်း
- အဖျားရှိခြင်း စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
သိုင်းရွိုက်ဟော်မုန်း အလွန်အကျွံ ထုတ်လုပ်နေတဲ့ လက္ခဏာတွေ ဖြစ်တဲ့ ဆံပင်ကျွတ်တာ၊ အပူဒဏ်မခံနိုင်တာ၊ အမျိုးသမီးတွေမှာ ရာသီမလာတာ၊ စိတ်တိုစိတ်ဆတ်တာ၊ ချွေးထွက်တာ၊ ရင်တုန်တာ၊ ကိုယ်အလေးချိန်ကျတာတွေလည်း ဖြစ်နိုင်ပါတယ်။
သိုင်းရွိုက်ရောင်တာ သက်သာသွားတဲ့အခါမှာ ဟော်မုန်းထုတ်လုပ်မှု လျော့နည်းတဲ့ လက္ခဏာတွေ ဖြစ်တဲ့ အအေးဒဏ်မခံနိုင်တာ၊ ဝမ်းချုပ်တာ၊ ရာသီသွေးဆင်းများတာ၊ အသားအရေခြောက်သွေ့တာ၊ မောပန်းအားကုန်တာ၊ စိတ်ကလေးလံထိုင်းမှိုင်းနေတာ၊ ကိုယ်အလေးချိန်တက်လာတာတွေ ဖြစ်တတ်ပါတယ်။
ဘာကြောင့် ဖြစ်တာလဲ?
နား၊ နှာခေါင်းနဲ့ လည်ချောင်းတဝိုက်မှာမှာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါပိုးဝင်တာ၊ ပါးချိတ်ရောင်တာ၊ အအေးမိတုပ်ကွေးဖြစ်တာတွေ ဖြစ်ပြီးလို့ ရက်သတ္တပတ် အနည်းငယ်မှ လပိုင်းခန့်ကြာတဲ့အချိန်မှာ သိုင်းရွိုက်ရောင်တတ်ပါတယ်။ သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပြီး သိုင်းရွိုက်ရောင်တာက အရမ်းအဖြစ်များတဲ့ ရောဂါတော့ မဟုတ်ပါဘူး။
သိုင်းရွိုက်ရောင်တယ်လို့ သံသယရှိတဲ့အခါ…
- Thyroid Function Test
- Radioactive Oodine Uptake
- Thyroglobulin Level
- Erythrocyte Sedimentation Rate (ESR)
- C Reactive Protein (CRP) တွေ စစ်ဖို့ လိုအပ်သလို Thyroid Ultrasound ရိုက်ကြည့်ဖို့လည်း လိုပါတယ်။
ကုသမှု အနေနဲ့…
- သိုင်းရွိုက်ဟော်မုန်းလွန်ကဲတဲ့ လက္ခဏာတွေ မရှိရင် Aspirin နဲ့ Ibuprofen တို့လို အကိုက်အခဲပျောက်ဆေးတွေ သောက်ရင် လုံလောက်ပါတယ်။
- လက္ခဏာတွေက ပိုမိုပြင်းထန်လာရင် Prednisolone စတီးရွိုက်ဆေး လိုအပ်နိုင်ပါတယ်။
- သိုင်းရွိုက်ဟော်မုန်းလွန်ကဲတဲ့ လက္ခဏာတွေ ရှိလာရင်တော့ Imidazoles အုပ်စုဝင်ဆေးတွေနဲ့ Beta-blocker ဆေးတွေ ပေးဖို့ လိုအပ်နိုင်ပါတယ်။
- သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တဲ့ လက္ခဏာရှိရင်တော့ ဟော်မုန်းအစားထိုး ကုသဖို့ လိုပါတယ်။ ဒါကြောင့် နားလည်တတ်ကျွမ်းတဲ့ တရာဝန်နဲ့ ပြသတာက အကောင်းဆုံးပါပဲ။
သိုင်းရွိုက်ဂလင်းရောင်တာက သူ့အလိုလိုလည်း ပျောက်ကင်းနိုင်ပြီး လပိုင်းခန့်ထိလည်း ကြာမြင့်နိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုး ကြီးကြီးမားမား မရှိသလို တစ်ဦးကနေ တစ်ဦးကိုလည်း မကူးစက်နိုင်ပါဘူး။ အအေးမိတုပ်ကွေးကာကွယ်ဆေး ထိုးထားတာက သိုင်းရွိုက်ဂလင်းရောင်တာကို တစိတ်တပိုင်းတော့ ကာကွယ်ပေးနိုင်ပါတယ်။
သိုင်းရွိုက်ဂလင်းရောင်တာက အဖြစ်နည်းပြီး နောက်ဆက်တွဲဆိုးကျိုး မရှိပေမယ့်လည်း ခံစားရခက်တဲ့ ရောဂါတစ်ခုပါ။ ကိုဗစ်လို ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေ အဖြစ်များနေတဲ့ အခုလိုကာလတွေမှာ သိုင်းရွိုက်ဂလင်းရောင်တာကလည်း အဖြစ်များလာနိုင်တဲ့ သတိထားရမဲ့ ရောဂါတစ်ခုပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်